“ဖေဖေ” …..
သမီးနှုတ်က ထွက်ကျတဲ့
အဲဒီစကားနှစ်လုံးထဲမှာ
အဓိပ္ပါယ်ပေါင်းများစွာ လေးနက်ပါဝင်နေကြတယ် ဖေဖေ … ။
သမီးအတွက် … ဖေဖေဆိုတာ
အရာအားလုံးမဟုတ်ခဲ့ရင်တောင်
မိုးကောင်းကင်ကြီးတစ်ခုစာ
ကြီးမားကျယ်ပြန့်လွန်းပါတယ် ဖေဖေ … ။
ဟောဒီလောကကြီးထဲ
သမီး…ဆိုတာ ဖြစ်တည်လာဖို့
ဖေဖေ့လက်တွေနဲ့ ထုဆစ်ပုံဖော်
ရှင်သန်ကြီးပြင်းနိုင်အောင် ရေလောင်းပေါင်းသင်ပေးခဲ့တာ ကျေးဇူးပါဖေဖေ … ။
သမီးကိုရိုက်ဖို့ လက်နဲ့တောင်မရွယ်ခဲ့
သမီးကိုဆူဖို့ စကားလုံးကြမ်းကြမ်းတွေမသုံးခဲ့တဲ့ ဖေဖေက
သမီးဘ၀အနာဂါတ်အတွက်
စိတ်မချနိုင်ဖြစ်နေတတ်တာ
သမီးနားလည်ပါတယ် ဖေဖေ … ။
တစ်ဦးတည်းသောသမီး … ဆိုတဲ့
ဂုဏ်ပုဒ်တစ်ခုအောက်
သမီးတစ်ယောက်တည်းပေါ် ထားခွင့်ရှိတဲ့
ဖေဖေ့မျှော်လင့်ချက် ဆန္ဒတွေကို
မကြာခဏရိုက်ချိုး
မလုပ်သင့်မှန်းသိလျက်နဲ့ သမီးဆိုးခဲ့တယ်
သမီးမလိမ္မာခဲ့ပါဘူး ဖေဖေ … ။
ဒီနေ့ …
ဖေ့အတွက် … မွေးနေ့လက်ဆောင်အဖြစ်
စိတ်ထဲကနေဆန္ဒပြု ကတိတစ်ခုပေးပါ့မယ် …
ကတိဆိုတာ ဖောက်ဖျက်ဖို့မဟုတ်တာမို့
သမီးကြိုးစားပါ့မယ် ဖေဖေ … ။
ဒီနေ့ zero ချစ်ရတဲ့ ဖေဖေရဲ့ မွေးနေ့ဖြစ်လို့ ဒီကဗျာကို အမှတ်တရအနေနဲ့ ရေးလိုက်ပါတယ်…။
zero ရေးချင်နေပေမယ့် ခုထိမရေးဖြစ်သေးတဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်..။ ဘာလဲဆိုတော့ မုန့်ဖိုးလာလာတောင်းတတ်ကြတဲ့ ကလေးတွေအကြောင်းပါပဲ..။ ရန်ကုန်မှာတော့ အဲလိုမျိုး မုန့်ဖိုးလာတောင်းတဲ့ ကလေးတွေကို နေရာတော်တော်များများမှာ တွေ့ရပါတယ်..။ အထူးသဖြင့်တော့ မြို့ထဲဘက်နဲ့ လူစည်ကားတဲ့နေရာတွေမှာ ပိုပြီးတွေ့ရပါတယ်..။ လှည်းတန်းနဲ့ ပန်းဆိုးတန်းဘက်တွေက zero အမြဲရောက်နေတတ်တဲ့နေရာတွေဆိုတော့ အဲဒီလိုမုန့်ဖိုးလာတောင်းတဲ့ ကလေးတွေကို အမြဲလိုလို တွေ့ရတတ်ပါတယ်..။ လာတောင်းတိုင်းလည်း ဘယ်တော့မှ ပိုက်ဆံပေးလေ့မရှိတာ zero ရဲ့အကျင့်ပါ..။ လူဆိုတာ များသောအားဖြင့် အလွယ်လမ်းကို လိုက်တတ်ကြတာချည်းပါပဲ..။ တောင်းတိုင်းရမှန်းသိရင် အဲဒီကလေးတွေက တောင်းစားဖို့လောက်ပဲ စဉ်းစားကြတော့မှာပါ..။ တောင်းလို့မရတဲ့အခါ အကြမ်းဖက်တာတွေတောင် ရှိလာနိုင်ပါတယ်..။ တချို့ကလေးတွေဆို မုန့်ဖိုးမပေးမချင်း အနားကမခွာပဲ အတင်းတောင်းနေတတ်ပါတယ်.. ဒီတော့ အတောင်းခံရတဲ့သူက စိတ်ညစ်ပြီး ပေးလိုက်ရတာတွေလည်း ရှိပါတယ်..။ zero လည်း သူငယ်ချင်းတွေနဲ့ မုန့်ဆိုင်ထိုင်တဲ့အခါ၊ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါတွေမှာ အဲလိုမျိုးမရမက လာတောင်းတာတွေ ခဏခဏကြုံတယ်..။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန် လာတောင်းရင်တော့ အဲဒီကလေးတွေ ဘယ်လိုတောင်းတောင်း သူတို့ရစ်သလောက် ကိုယ်ကပြန်ရစ်ပေးလိုက်တယ်.. ပိုက်ဆံတော့ဘယ်တော့မှ မပေးဘူး..။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကလည်း KMD ကအပြန် ပန်းဆိုးတန်းမှတ်တိုင်မှာ သူငယ်ချင်းယောင်္ကျားလေးနှစ်ယောက်နဲ့ ကားစောင့်နေတုန်း ကလေးလေးတစ်ယောက်က မုန့်ဖိုးလာတောင်းတယ်..။ ထုံးစံအတိုင်းပဲပေါ့ zero တို့ကလည်း လုံးဝမပေးဘူး.. မသိချင်ယောင်ဆောင်နေလိုက်ကြတယ်..။ ဒီတော့ အဲဒီကလေးက ဘာလုပ်လဲဆိုရင် zero သူငယ်ချင်းရဲ့ ခြေထောက်ကို ဖက်ပြီးတောင်းရော.. ခဏခဏမုန့်ဖိုးအတောင်းခံရပေမယ့် ခြေထောက်ဖက်တောင်းတာမျိုးတော့ ဒီတစ်ခါပထမဆုံးပဲ တော်တော်လေးကို စိတ်ပျက်သွားတာ..။ သူငယ်ချင်းကလည်း ယောင်္ကျားလေးဆိုတော့ ခြေထောက်ဖက်လည်း ဂရုမစိုက်ဘူးပေါ့..(ဒီနေရာမှာ မိန်းကလေးဆိုရင်တော့ မလွယ်ဘူး) နေရာနည်းနည်းရွှေ့ပြီး သွားရပ်နေတယ်..။ အဲဒါလည်း လိုက်ပြီးတော့ ခြေထောက်ဖက်တောင်းတာပဲ..။ zero တို့လည်း စိတ်တိုလာတာနဲ့ ဟောက်လွှတ်လိုက်တယ်..။ ဒါတောင် အနားမှာ ရစ်သီရစ်သီလုပ်နေတုန်း..။ zero ကတော့ အဲဒီကလေးထက် ကိုယ့်သားသမီးကို ဒီလိုမျိုးတောင်းစားခိုင်းထားတဲ့ မိဘတွေကို ပိုပြီးဒေါသထွက်တယ်..။ တကယ်ဆိုရင် ဒီလိုမျိုးမဖြစ်သင့်ဘူးလေ.. တချို့လည်း တကယ်လိုအပ်လို့ တကယ်အဆင်မပြေလို့ တောင်းရတဲ့သူတွေရှိပါတယ်..။ တကယ်လိုတဲ့သူကို ကူညီလိုက်ရတာက ကိစ္စမရှိပါဘူး ကုသိုလ်တောင်ရသေးတယ်.. ဒါပေမယ့် ခုဟာက တောင်းတယ်ဆိုတာ စီးပွားဖြစ်လုပ်ငန်းလုပ်သလိုကို ဖြစ်နေပြီ.. လမ်းတွေပေါ်မှာ ဘတ်စ်ကားတွေပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ တောင်းနေကြတာ မမြင်ချင်အဆုံးပါပဲ..။ တကယ်တော့ တောင်းတဲ့သူတွေ ရှိတယ်ဆိုတာ ပေးတဲ့သူတွေ ရှိနေလို့ပါပဲ.. ဘယ်လောက်တောင်းတောင်း ဘယ်သူကမှမပေးဘူးဆိုရင် အဲဒီတောင်းတဲ့သူတွေကလည်း အချိန်ကုန်ခံပြီး တောင်းမှာမဟုတ်ပါဘူး..။ zero ရဲ့ခံယူချက်ကတော့ လှူချင်တန်းချင် ပေးချင်ကမ်းချင်တယ်ဆိုရင် သေချာတဲ့နေရာမှာပဲ သွားလှူလိုက်မယ်၊ သွားပေးလိုက်မယ်..။ ဒီလိုလာတောင်းရင်တော့ ဘယ်တော့မှ မပေးဘူး.. တောင်းတိုင်းပေးတာ ကလေးတွေရဲ့စိတ်ဓါတ်ကို ဖျက်စီးတာ၊ အနာဂါတ်ကိုဖျက်စီးတာလို့ပဲ ယူဆတယ်..။ ကလေးဆိုတာကတော့ ဘာသိဦးမှာလဲ ပိုက်ဆံရရင်တောင်းမှာပဲပေါ့.. သူတို့ရဲ့အဆင့်အတန်း ဘယ်နေရာကို ရောက်သွားလည်း ဆိုတာ သူတို့ဘယ်သိမှာလဲ..။ ငယ်ရွယ်တဲ့အချိန်တည်းက အလွယ်လမ်းကို လိုက်နေကြရင် အဲဒီကလေးတွေ ကြီးပြင်းလာတဲ့တစ်နေ့ ဘယ်လိုဖြစ်လာကြမလဲ..။ ဒီလိုမျိုးစိတ်ဓါတ်တွေနဲ့ လူကြီးဖြစ်လာတဲ့အခါ အနာဂါတ်နိုင်ငံတော်ကရော ကောင်းနိုင်ပါဦးမလား..။ စဉ်းစားစရာတွေကတော့ အများကြီးပါ… မုန့်ဖိုးလာတောင်းသမျှ ကလေးတွေကို လွယ်လွယ်ကူကူ ပိုက်ဆံထုတ်ပေးလိုက်မယ့်အစား အဲဒီကလေးတွေအတွက်၊ သူတို့ရဲ့စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တအတွက် တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားကြရင် ပိုကောင်းမယ်ထင်ပါတယ်..။
zero တွေးမိသလောက်လေး ချရေးကြည့်တာပါ..။ တကယ်တော့ zero ကိုယ်တိုင်လည်း ဒီကလေးတွေအတွက် ဘာမှလုပ်မပေးနိုင်သေးပါဘူး..။ မဖြစ်သင့်တာတစ်ခု ကိုယ့်မျက်စိရှေ့မှာဖြစ်နေတာကို ရင်နာနာနဲ့ပဲ ရပ်ကြည့်နေရတုန်းပါ..။
တောင်ကြီးက ပြန်ရောက်ထဲက အပျင်းထူနေတာ တစ်နေ့တစ်နေ့ ဘာမှကို ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘူး။ zero ခုအရွယ်ထိ ညအိပ်ခရီးသွားဖူးတာ ၂ ခေါက် ၃ ခေါက်လောက်ပဲ ရှိသေးတယ်။ အိမ်က zero ကို သူငယ်ချင်းအိမ်တောင် ညအိပ်မယ်ဆိုရင် ပေးအိပ်တာမဟုတ်ဘူး။ ခုထိ ဘယ်သူငယ်ချင်းအိမ်မှာမှ လိုက်မအိပ်ဖူးသေးဘူး။ zero ဆယ်တန်းမဖြေခင်ကမှ ပထမဆုံးခရီးထွက်ဖူးတာ .. ချောင်းသာကို ၃ ညအိပ်သွားတာပေါ့။ ဒီ ၂၀၀၉ ခုနှစ်ထဲမှာတော့ ညအိပ်ခရီးထွက်ဖို့ ကံပါတယ် ထင်ပါရဲ့… ဖေဖော်ဝါရီလတုန်းကလည်း ကျိုက်လတ်ကိုသွားတာ ကားပျက်လို့ ကားပေါ်မှာပဲညအိပ်လိုက်ရတယ်… သင်္ကြန်ကျတော့လည်း ခုနစ်ရက်တရားစခန်းဝင်ဖြစ်သေးတယ်… ခုလည်း မရည်ရွယ်ပဲနဲ့ တောင်ကြီးကို သွားဖြစ်သွားတယ်။ တောင်ကြီးကို သွားဖြစ်တာက အပျော်မဟုတ်တော့ ဘယ်မှတော့လျှောက်မလည်ဖြစ်ဘူး။ တည်းခိုခန်းနဲ့ သိပ်မဝေးတဲ့နေရာတွေလောက်ပဲ ရောက်ဖြစ်တယ်။ ဒါပေမယ့် ပျော်စရာတော့ ကောင်းပါတယ်။ zero ကခရီးထွက်ရတာကို အရမ်းသဘောကျတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ကို အသွားချင်ဆုံးပဲ။ zero ကို နွေရာသီမှာ မွေးလို့လားမသိဘူး နွေဆိုရင် အရမ်းစိတ်ညစ်တာ..ဟိ .. ပူတဲ့ဒဏ်ကို မခံစားနိုင်ဘူး… ဒါကြောင့် ရာသီဥတုအေးတဲ့ နေရာတွေကိုပဲ သွားချင်တာ။ တောင်ပေါ်မြို့လေးတွေဆိုရင် zero အရမ်းသဘောကျတယ်… အခြေအနေသာပေးမယ်ဆိုရင် အဲလိုနေရာတွေမှာ နေချင်တယ်
။ တောင်ကြီးကို သွားတာက zero ရဲ့အမရယ်၊ zero ရယ် နှစ်ယောက်တည်းသွားတာ… အိမ်ကဘယ်လောက်စိတ်ချလဲဆိုရင် ကားပေါ်မတက်ခင်အထိက တစ်ခုပြီးတစ်ခုမှာနေတာ မပြီးတော့ဘူး။ တကယ်ဆိုရင် zero တို့နှစ်ယောက်လုံးက ကလေးလည်း မဟုတ်တော့ဘူး…။ zero ကထားပါတော့ zero ရဲ့အမဆိုရင် အသက်ကဖြင့် ၃၀နား ကပ်နေပြီ… နောက်ပြီး ခရီးမထွက်ဖူးတာလဲ မဟုတ်ဘူး… zero ကလည်း ငယ်သေးတယ်ဆိုပေမယ့် ငယ်ငယ်တည်းက ကိုယ့်တာဝန်ကိုကိုယ်ယူနိုင်အောင် နေလာတာပဲ။ ဒါပေမယ့် သူတို့မျက်စိထဲမှာ ကလေးလို့ပဲထင်နေတော့ စိတ်ချလက်ချကို မလွှတ်နိုင်ဘူး ဖြစ်နေတယ်။ ဒါတောင်မှ ဦးလေးနဲ့အဒေါ်က တောင်ကြီးကို ရောက်နေနှင့်ပြီးသား zero တို့က ခဏလိုက်သွားတာ။ ရန်ကုန်ကနေ တောင်ကြီးကို အသွားလမ်းက လမ်းသစ်ကနေ သွားတာဆိုတော့ ဘာရှုခင်းမှကို မရှိဘူး… အဖြိုခံထားရတဲ့ ကိုယ်လုံးတီးတောင်တွေပဲ ရှိတယ်
။ သစ်ပင်တွေလည်း တစ်ပင်မှမရှိတော့ ပူတာကလည်း ပြောမနေနဲ့ ကားကလည်း aircon ကအရမ်းကောင်းတယ် နေ့လည်နေ့ခင်းမပြောနဲ့ ညဘက်ရောက်တာတောင်မှ မအေးဘူး
။ ကားကရန်ကုန်ကနေ ၁၂ နာရီခွဲထွက်တာဆိုတော့ တလမ်းလုံးပူပူလောင်လောင်နဲ့ပဲ သွား၇တယ်… တောင်ပေါ်စတက်တဲ့အချိန်ရောက်တော့ မှောင်နေပြီ ဘာမှကိုမမြင်၇တော့ဘူး။ zero ရဲ့အကျင့်က ခရီးသွားရင် ဘယ်တော့မှ မမူးဘူး၊ အန်လည်းမအန်တတ်ဘူး၊ နောက်ပြီး အိပ်လည်းမအိပ်တတ်ဘူး… အိပ်ရင်လည်း မျက်လုံးမှိတ်ထားတာပဲရှိတယ် လုံးဝအိပ်မပျော်ဘူး။ ဒီတော့ တစ်ညလုံးငုတ်တုတ်ပေါ့ တောင်ပေါ်တက်နေတာကိုလည်း မမြင်ရပေမယ့် သိတော့သိနေတယ်။ ကားက အေးသာယာဂိတ်ကို မနက် ၂ နာရီလောက်ကြီးရောက်သွားတာ .. အဲဒီကနေမှ ဒတ်ဆန်ကားလေးနဲ့ တောင်ပေါ်တက်ရတယ်။ တည်းခိုခန်းကိုရောက်တော့ ၂ နာရီခွဲလောက်ပဲ ရှိသေးတယ်။ ဦးလေးကမအိပ်ပဲစောင့်နေလို့ တော်သေးတာပေါ့။ zero တို့လည်း ကိုယ့်အခန်းရောက်မှပဲ ပစ္စည်းတွေချပြီး အိပ်ရတယ်။ မနက် ၆ နာရီလောက် အိပ်ရာက ပြန်ထပြီး စ၀်စံထွန်းဆေးရုံဘက်ကို လမ်းလျှောက်ထွက်ကြတယ်။ တည်းတာက စ၀်စံထွန်းဆေးရုံနဲ့နီးတဲ့ အောင်မြတ်တည်းခိုခန်းမှာ တည်းတာ။ နွေရာသီဆိုတော့ တောင်ကြီးမှာလည်း သိသိသာသာကြီး မအေးပါဘူး၊ ရန်ကုန်လိုပူပူလောင်လောင် ဖြစ်မနေပဲ နေလို့ကောင်းရုံလောက်ပဲရှိတယ်။ zero သဘောကျတာက သစ်ပင်တွေစိမ်းစိမ်းစိုစိုနဲ့ သန့်သန့်ရှင်းရှင်းရှိတာပဲ၊ နောက်ပြီး ရန်ကုန်မှာလို အဆိပ်ငွေ့တွေ သိပ်မရှုရဘူးပေါ့။ သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပကို ဟိုရောက်မှပဲ အားရပါးရ ခံစားရတော့တယ်။ ရန်ကုန်မှာလည်း လှတဲ့နေရာတွေ ရှိပါတယ်… ဒါပေမယ့် ရန်ကုန်မှာဆို သဘာဝကို ခံစားဖို့ဝေးရော နာရီလက်တံတွေနဲ့ အပြိုင်လှုပ်ရှားနေရတာ ဒီကြားထဲ ဟိုအပူဒီအပူတွေက ရှိသေးတယ်။ တောင်ကြီးမှာကျတော့ ဘာမှလည်းလုပ်စရာမရှိဘူးလေ… တစ်နေ့တစ်နေ့ အိပ်လိုက်၊ စားလိုက်၊ လမ်းလျှောက်ထွက်လိုက်နဲ့ပဲ အချိန်ကုန်သွားတာ။ အဲဒီအရှိန်က ခုထိမသေသေးဘူး..ဟိ ..။ တောင်ကြီးကို ရောက်သွားတဲ့နေ့က ကဆုန်လပြည့်နေ့ဆိုတော့ စူဠာမုနိဘုရားမှာ ညောင်ရေသွားသွန်းကြသေးတယ်။ အရင်နှစ်တွေတုန်းကဆိုရင် ကဆုန်လပြည့်နေ့ကို zero ညောင်ရေမသွန်းဖြစ်တာများတယ်။ ညောင်ရေသွန်းပွဲဆိုရင် ရွှေတိဂုံဘုရားမှာ လူအရမ်းများတယ်လေ လူများရင် zero ကမသွားချင်ဘူး။ ဒီနှစ်တော့ နှစ်ခါတောင် ညောင်ရေသွန်းလိုက်ရတယ်…
။ နှစ်ဆန်းတစ်ရက်နေ့တုန်းက တရားစခန်းမှာ ညောင်ရေသွန်းတာက တစ်ကြိမ်၊ ခု တောင်ကြီးမှာ ညောင်ရေသွန်းတာက တစ်ကြိမ်ပေါ့။ စနေနေ့ကျတော့ မနက်စောစော လမ်းထလျှောက်ရင်း ပန်းစိုက်တဲ့ခြံမှာ ဘုရားပန်းသွားဝယ်ကြတယ်။ ရာသီဥတုကောင်းလို့လားမသိဘူး ပန်းတွေကလန်းလန်းဆန်းဆန်းနဲ့ အပွင့်တွေကလည်းလှတယ်။ တောင်ကြီးမှာ အသီးအနှံတွေလည်း လတ်ဆတ်တယ်.. zero ကတော့ အသီးအရွက်တွေချည်းပဲ စားတာပဲ။ ရန်ကုန်မှာဆိုရင် အသီးအရွက်တွေက ဓါတုဗေဒပစ္စည်းတွေသုံးပြီး ကြီးထွားအောင်လုပ်ထားတော့ ဘယ်လိုတွေမှန်းကိုမသိဘူး။ စာမေးပွဲအောင်စာရင်းတွေက သောကြာနေ့ကသိတယ်ဆိုတော့ မနေနိုင်မထိုင်နိုင် သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး မေးရသေးတယ်။ တစ်ဘာသာမှ မကျလို့ ၀မ်းသာပေမယ့် D မှန်းထားတဲ့ဘာသာက C ပဲထွက်တော့ နည်းနည်းစိတ်ညစ်သွားသေးတယ်။ နေ့လည်ပိုင်းကျတော့ မြို့မဈေးကိုသွားတယ်။ ကုန်ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေကတော့ ရန်ကုန်နဲ့ သိပ်မကွာလှပါဘူး… ကွာတာက ဈေးသည်တွေ အရမ်းနှုတ်ချိုတယ်။ ရန်ကုန်မှာလို စူပုပ်ပုပ်မျက်နှာထားတွေ မဟုတ်ဘူး။ မြို့မဈေးကလည်း အကျယ်ကြီးပဲ အထဲမှာ ပတ်နေတာနဲ့တင် ခြေထောက်တော်တော်ညောင်းသွားတယ်။ zero တို့ညီအမနှစ်ယောက်က တောင်ကြီးကိုရောက်တည်းက စတော်ဗယ်ရီစားမယ်လို့ အားခဲထားတာ ဘယ်လောက်တောင် ကံမပါလည်းဆိုရင် ရန်ကုန်ပြန်ရောက်တဲ့အထိ စတော်ဗယ်ရီကို မြင်တောင်မမြင်လိုက်ရဘူး…
။ တောင်ကြီးမြို့ထဲပိုင်းကိုတော့ တော်တော်နှံ့နှံ့စပ်စပ် ရောက်ဖြစ်ပါတယ်။ လမ်းလျှောက်ပြီးလည်း လျှောက်သွားတယ်… မြို့ပတ်ကားစီးပြီးတော့လည်း လျှောက်သွားတယ်။ ဒါပေမယ့် zero တကယ်သွားချင်တာက တောင်ပေါ်ကိုသွားချင်တာ ရွာလေးတွေကို သွားချင်တယ်။ မြို့ပေါ်မှာကျတော့ သူလိုကိုယ်လိုပဲလေ ရန်ကုန်နဲ့သိပ်မကွာပါဘူး။ zero ငယ်ငယ်တည်းက ဆိုင်ကယ်အရမ်းစီးချင်တာ တောင်ကြီးမှာ သူများတွေစီးတာမြင်တော့ zero လည်းစီးချင်တာမှ တစ်ပိုင်းကိုသေနေတာပဲ။ ဒါပေမယ့်လည်း မစီးလိုက်ရပါဘူး။ ချောင်းသာသွားတုန်းကလည်း ခိုးစီးဖို့လုပ်တာမအောင်မြင်လိုက်ဘူး။ zero ဆိုင်ကယ်စီးချင်တယ်ဆိုတာ သူများနောက်ကလိုက်စီးတာမဟုတ်ဘူးနော်… ကိုယ့်ဟာကိုယ်ပဲမောင်းချင်တာ။ ခုချိန်ထိတော့ ကံမပါသေးဘူး ထင်ပါရဲ့… ရန်ကုန်မှာ ဆိုင်ကယ်ပေးမစီးတာကတော့ ကောင်းပါတယ် မဟုတ်ရင် တစ်နေ့တစ်နေ့ ယာဉ်တိုက်မှုတွေ ဘယ်လောက်တောင်များမလဲ မသိဘူး။ တောင်ကြီးမှာ zero ရိုက်ခဲ့သမျှ ဓါတ်ပုံတွေအကုန်လုံး ရှုခင်းပုံတွေချည်းပဲ… ဖုန်းက ကင်မရာနဲ့ပဲ ရိုက်ရတာဆိုတော့ သိပ်အများကြီးတော့ မရိုက်ဖြစ်ပါဘူး။ တနင်္ဂနွေနေ့မနက် ရန်ကုန်ကို ပြန်တာဆိုတော့ စနေညထဲက ပစ္စည်းတွေကို အိတ်ထဲထည့်ရတယ်… တောင်ကြီးမှာ ဟိုဟာဝယ်ဒီဟာဝယ်နဲ့ အိတ်တွေက ၇န်ကုန်ကလာတုန်းက ထက်တောင် များသွားသေးတယ်။ ပြန်မယ့်နေ့ကျတော့ တည်းခိုခန်းရှေ့ကို ကားက ၁၀ နာရီခွဲ လာခေါ်မယ်ဆိုတာနဲ့ မနက်လမ်းထလျှောက်၊ မနက်စာစားပြီးတာနဲ့ တစ်ခါတည်းရေချိုးပြီး စောင့်နေလိုက်တယ်။ ကားက ၁၁ နာရီလောက်မှ ရောက်လာတာပါ။ တောင်ပေါ်ကနေ တောင်အောက်ကို အဆင်းလမ်းမှာရှုခင်းတွေ အရမ်းလှတယ်… ဒတ်ဆန်ကားလေးနဲ့ဆိုတော့ ခေါင်းကိုငုံ့ပြီးကြည့်ရတာ သိပ်တော့မမြင်ရဘူး။ zero လည်း တောင်ကြီးရောက်မှပဲ ဒတ်ဆန်ကားစီးရတာ။ ရန်ကုန်မှာဆို ဒတ်ဆန်ကားလုံးဝမစီးဘူး… ဒတ်ဆန်မပြောနဲ့ မီနီဘတ်စ်တွေတောင် မစီးဘူး။ ကားကပုနေတော့ အရပ်မလွတ်ဘူး ကုန်းကုန်းကွကွနဲ့ စီးရတာ စိတ်ပျက်ဖို့ကောင်းတယ်။ အေးသာယာဂိတ်ကိုရောက်တော့ စီးရမယ့်ကားထဲကို ပစ္စည်းတွေပြောင်းထည့်ပြီး အအေးဆိုင်မှာထိုင်နေလိုက်တယ် ကားက ၁၂ နာရီခွဲမှ ထွက်တာလေ။ အပြန်လမ်းကျတော့ နေပြည်တော်လမ်းသစ်က မသွားပဲ အရင်လမ်းဟောင်းအတိုင်းပဲသွားတယ်။ အလာတုန်းက တောင်ပေါ်တက်တဲ့အချိန် မှောင်နေလို့ မမြင်ရတဲ့ရှုခင်းတွေ အပြန်မှပဲ မြင်ရတော့တယ်။ တောင်ပတ်လမ်းတွေမှာလည်း ရှုခင်းတွေတော်တော်လှတယ်။ ပထမတော့ ကားက တောင်ပေါ်ကို ရောက်သွားရင် zero အရမ်းပျော်တာ အမြင့်ကြီးကနေ အောက်က အိမ်ခြေလေးတွေကို ကြည့်ရတာ အရမ်းလှတယ်။ တဖြည်းဖြည်းနဲ့ နည်းနည်းဝေးသွားတော့ တောင်အောက်မှာ အိမ်တွေမရှိတော့ပဲ သစ်ပင်တွေပဲရှိတော့မှ အောက်ကိုငုံကြည့်လိုက်ရင် အမြင့်ကြီးပဲ… အဲတော့မှပဲ အသည်းယားလာတယ်။ ကွေ့လမ်းတွေဆိုရင် ပိုဆိုးတယ်.. လမ်းလေးက ကျဉ်းကျဉ်းလေး ဘေးကိုကျသွားရင်တော့ တောင်အောက်ကိုမေ၇ာက်ခင် နှလုံးရပ်ပြီးသေမှာ.. ဟိ။ ဒီလိုနဲ့ပဲ ကားပေါ်မှာ ဟိုကြည့်ဒီကြည့်လုပ်လိုက်၊ တီဗွီလေးကြည့်လိုက်နဲ့ပဲ မြို့တော်ရန်ကုန်ကို မနက်၎နာရီခွဲလောက်မှာ ပြန်ရောက်လာပါတော့တယ်။ ရန်ကုန်ပြန်ဝင်တော့ မှောင်မှောင်မဲမဲထဲမှာ ဘာမှလည်းမမြင်ရဘူး… ဘယ်ရောက်နေမှန်းလည်း မသိဘူး။ အောင်မင်္ဂလာဂိတ်နားရောက်ခါနီးပြီထင်ပါတယ်ဆိုပြီး အဖေ့ဆီဖုန်းဆက်မယ်လည်းလုပ်ရော ကားကအောင်မင်္ဂလာဂိတ်ဝကို ရောက်နေပြီ… ဟိ အဲလောက်တော်တာ။ ဒါနဲ့ပဲ အောင်မင်္ဂလာဂိတ်ထဲမှာ ကားငှားမလားလာလာမေးသမျှကို ပြန်ဖြေရင်း တော်တော်ကြာအောင် စောင့်လိုက်ရသေးတယ်
။ အိမ်ပြန်ရောက်တော့ တခြားဘာမှမလုပ်နိုင်ဘူး အင်္ကျီလဲပြီး အိပ်တာပဲ…။ ဒါတောင်မှ ၂ နာရီလောက်ပဲ အိပ်လိုက်ရတယ်… သင်တန်းကရှိသေးတာကို။ ဒီလိုနဲ့ပဲ တောင်ကြီးခရီးစဉ်တစ်ခု ပြီးဆုံးသွားပါတော့တယ်…။ နောက်တစ်ခါဆိုရင် ချယ်ရီပွင့်ချိန် ဆောင်းတွင်းသွားမယ်လို့ အားခဲထားလိုက်သေးတယ်…။ ။
တောင်ကြီးက ပြန်ရောက်ထဲက အပျင်းတစ်နေလို့ ခုမှပဲ ပို့စ်တင်ဖြစ်တာ တောင်းပန်ပါတယ်နော်..။ ခုရေးထားတာတောင် လိုတာတွေ အများကြီးရှိသေးတယ် သေချာစုံအောင်ရေးနေရင် ပြီးမှာကို မဟုတ်တော့ဘူး…။ စာလာဖတ်ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်…။
အခုတလော ဘလော့တွေထက် နည်းပညာဖိုရမ်တွေကို ပိုပြီးရောက်ဖြစ်နေတယ်..။
windows registry ပိုင်းကို တော်တော်စိတ်ဝင်စားနေတာနဲ့ပဲ ဖိုရမ်တွေမှာ လိုက်ဖတ်နေတာ။
registry နဲ့ပတ်သတ်ပြီး လေ့လာရင်း software တွေ၊ ebook တွေ တွေ့သမျှ လိုချင်တာလေးတွေ
ဒေါင်းလုတ်လျှောက်ဆွဲဖြစ်တယ်…(Dial up connection ကိုမှအားမနာ :P)။ ဒီတစ်ရက်၊နှစ်ရက်
အတွင်းတော့ ဒါနဲ့ပဲ အချိန်ကုန်နေတာပါပဲ.. မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့
ကွန်ပျူရှေ့ထိုင်ပြီး ဟိုရှာဒီရှာ၊ ဟိုကလိဒီကလိလုပ် ပြီးရင်သင်တန်းသွား ပြန်လာတာနဲ့
ကွန်ပျူတာဖွင့်ပြီး ညဘက်အိပ်ရာဝင်တဲ့အထိ တောက်လျှောက်က ကွန်ပျူတာရှေ့မှာပဲ..
(ရည်းစားဆိုရင်တောင် အဲလောက်ကြည့်နေနိုင်မှာ မဟုတ်ဘူး.. အဟဲ)
ဒေါင်းထားတဲ့ ebook တွေလည်း တောင်လိုပုံနေပြီ တစ်ခုမှဖတ်ရသေးဘူး.. ဟိ။
ဒီကြားထဲ Hacking အကြောင်းဖတ်မိလို့ နည်းနည်းပါးပါးလေ့လာကြည့်ဖို့
hacking tools CD ခွေ ၀ယ်ထားလိုက်သေးတယ်… ဘာမှတော့ လုပ်ကြည့်ရသေးဘူး။
Hacking လုပ်ဖို့တော့ ဥာဏ်မမှီသေးပါဘူး.. ဒါပေမယ့် နည်းနည်းပါးပါး
လေ့လာကြည့်ရတာပေါ့..း) ။ နောက်ပြီး ခုတလော ရင်ခုန်သံတွေ မြန် မြန်နေတယ်..။
ပထမနှစ်ဝက်အတွက် အောင်စာရင်းတွေ ထွက်တော့မယ်.. ;( ။ ကိုယ်ဖြေထားတာ
ကိုယ်သိတာပေါ့ ဘယ်လိုထွက်လာမလဲတော့ မသိဘူး လေးဘာသာလုံး
အောင်ပါစေလို့ပဲ ဆုတောင်းနေရတယ်…။ ကျရင်တော့ သွားပြီ မွေးသဖခင်နဲ့
အကြီးအကျယ်ကို ကွိုင်မှာ… ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်း ခံရမှာပဲ။
အဲဒီစာမေးပွဲဖြေတုန်းက ဘယ်လောက်တောင် ပေါ့ပျက်ပျက်လုပ်ခဲ့လည်းဆိုတာ
ကိုယ့်ကိုကိုယ်အသိဆုံး မနက်ဖြန်စာမေးပွဲဖြေမှာကိုတောင် ဒီနေ့လိုညမှာ
အွန်လိုင်းတက်ကောင်းတုန်း စာမရတာကိုလည်း နည်းနည်းမှမပူဘူး…။
အဲဒီလိုတွေ လုပ်ထားမှတော့ အဖြေကကောင်းစရာ သိပ်မရှိဘူး ဖြစ်နေတယ်။
ဒါကြောင့် ခုတလော zero အရမ်းကို ရင်ခုန်မြန်နေပါတယ်…း) ။
အမှန်တော့ မေလ(၂)ရက်နေ့ မနေ့တုန်းက တစ်နှစ်ပြည့်ခဲ့တာပါ… ဒါပေမယ့်
အခြေအနေအရ ဒီနေ့မှပဲ ဒီပို့စ်ကို တင်ဖြစ်ပါတယ်…။ ဒီနေ့ မြက်ခင်းသစ်၊
MOWA နဲ့ အလင်းမျှော်စင်စာကြည့်စင်တို့ ပူးပေါင်းပြီး နာဂစ်တစ်နှစ်ပြည့်အနေနဲ့
“အနီရောင်လှိုင်းအတွက်ကရုဏာလက်များ” ဆိုပြီး ကဗျာရွတ်ပွဲလေး
ပြုလုပ်ပါသေးတယ်..။ အစကတော့ zero လည်း
ကဗျာရေးကြည့်ပါသေးတယ်… ဒါပေမယ့် ဘယ်လိုမှမရဘူး ရေးလိုက်တိုင်း
စို့နင့်လာတဲ့ ခံစားချက်တွေနဲ့ တစ်ဝက်မှာပဲ ရပ်ရပ်သွားတယ်…။
ကဗျာရွတ်ပွဲမှာလည်း ကဗျာတွေကို နားထောင်ရင်း ၀မ်းနည်းနေရတုန်းပဲ…။
လူ့အသက်ခန္ဓာပေါင်းများစွာကို ခြွေယူခဲ့တဲ့ ပန်းတစ်ပွင့်ကို
ခုချိန်ထိမမေ့နိုင်သေးပါဘူး…။ ဒီပို့စ်လေးကို ၀မ်းနည်းမှုတွေကြားကပဲ
ရေးဖြစ်ခဲ့ပါတယ်… ဒါပေမယ့် ပြည့်စုံမှုတော့ ရှိမှာမဟုတ်ပါဘူး။
(၁)
ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ကဝေည
မေမေ့ … ကိုကျွန်တော်သတိရလိုက်တာ …
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်းရိုက်ကြတယ် … ။
လောကအတုမှာ … လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ …
ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု … ဘယ်မှာလဲ
ဘယ်မှာလဲ … .. ။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ … ။
လုပ်သင့်တာတွေ လုပ်ချင်တာတွေ
မဖြစ်မနေလုပ်ရမှာတွေ မရမကလုပ်ချင်နေတာတွေ
အတ္တနဲ့ ပရတွေကြား
တစ်ကိုယ်လုံး စုန်းစုန်းမြုပ်လို့
အသက်ကို ကသောကမျောရှုလိုက်ရတယ်
ကမ္ဘာ့လေထုကြီး oxygen တွေလျော့နည်းလာပြီလား
သစ်တစ်ပင်လောက်တော့ သေချာပေါက်စိုက်ရဦးမယ်
ဘယ်တော့မှမကုန်ခန်းနိုင်တဲ့ ဆန္ဒတွေကို ခပ်ယူစားသုံးရင်း
နေ၀င်ချိန်ပေါင်းများကို ကျော်ဖြတ်လာခဲ့.. ဖြတ်ကျော်လာခဲ့
ဒါနဲ့တောင် မှောင်ရကောင်းမှန်း မသိသေးတဲ့ကောင်
“ပျက်အစဉ် ပြင်ခဏ” ….. တဲ့
ပျက်ခဲ့တာတော့ ဟောဒီဘ၀တောက်လျှောက်ပါပဲလေ
ပြင်မိပြန်တော့လည်း ခဏပဲခံပါလား
(ပြင်ဆင်ခွင့်ရတဲ့အချိန်က မလုံလောက်ခဲ့ဘူးထင်ပါရဲ့)
တကယ်တော့……
ငါတို့ရဲ့ ကမ္ဘာကြီးပူနွေးလာတာ
အိုဇုန်းလွှာရဲ့ အပေါက်အပြဲတွေကြောင့် မဟုတ်ရပါဘူး
လူသားတွေလွှင့်ထုတ်လိုက်တဲ့
ခပ်ပြင်းပြင်းငရဲမီးတွေကြောင့်လို့ပဲဆိုပါတော့…။
“အရှေ့မြို့ရိုးမှ မိုးရေစက်များ” ဆိုတာ ဆရာတာရာမင်းဝေရဲ့
လုံးချင်းဝတ္ထုစာအုပ်တစ်အုပ်ပါ..။ ဆရာ့ရဲ့ပရိတ်သတ်တွေကတော့ သိကြမှာပါ..။
zero ဒီစာအုပ်လေးကို ဖတ်မိတာ သိပ်မကြာသေးပါဘူး…။ zero ကဆရာ့ရဲ့
ပရိတ်သတ်တစ်ယောက်ဆိုတော့ အွန်လိုင်းပေါ်မှာ ဆရာ့စာအုပ်တွေကို ရှာဖတ်ရင်းနဲ့မှ
ဒီစာအုပ်လေးကို ဖတ်မိသွားတာပါ…။ လွန်ခဲ့တဲ့ ၅လ၊ ၆လ လောက်ကမှ ဖတ်မိတာပေါ့…။
စဖတ်မိတည်းက အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်…။
နောက်တော့ zero ရဲ့ ကွန်ပျူတာ virus ထိသွားလို့ hard disk ကို
format ချလိုက်တာနဲ့ပဲ ရှာထားဖွေထားသမျှ စာအုပ်တွေ အကုန်ပါသွားရော…
(Back up မှလုပ်မထားတာ)။ အခုသိပ်မကြာခင်ကမှ zero ရဲ့အမက ဒီစာအုပ်လေးကို
သူပြန်ဖတ်ချင်တယ်လို့ ပြောတာနဲ့ အွန်လိုင်းပေါ်ကနေ ထပ်ပြီး download လုပ်လိုက်တာ…
(zero ရဲ့အမကလည်း ဆရာ့ရဲ့အမာခံ ပရိတ်သတ်တစ်ယောက်ပါပဲ…။ သူ့ကြောင့် zero
ဆရာတာရာမင်းဝေကို “ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး” ဆိုတဲ့
စာအုပ်နဲ့ စသိခဲ့တာပါ…။) မနေ့က အွန်လိုင်းတက်မယ်လုပ်တော့ access kit က
ကုန်သွားတာနဲ့ စုဆောင်းထားတဲ့ စာအုပ်လေးတွေ ပြန်ဖတ်ရင်း ဒီစာအုပ်လေးကို
ထပ်ပြီးဖတ်မိတယ်…။ ဖတ်ပြီးသားဆိုပေမယ့် စဖတ်လိုက်တာနဲ့ စာသားတွေက
ဆွဲဆောင်ခေါ်ယူသွားတာ အဆုံးရောက်တဲ့အထိ မျောပါသွားတာပဲ…။ ဒါတွေကြောင့်လည်း
ဆရာတာရာမင်းဝေရဲ့ အရေးအသားကို အရမ်းနှစ်ခြိုက်တာပါ…။ အစကနေအဆုံးထိ
ရင်ထဲကို ခံစားချက်တစ်ခု ရိုက်သွင်းပေးလိုက်ပြီး ကိုယ်တိုင်စီးမျောပါဝင်သွားလောက်အောင်
စာသားတွေ၊ စကားလုံးက ပြောင်မြောက်ထိမိလွန်းတယ်…။ ဆရာ့ရဲ့
တခြားသောစာအုပ်တွေထက် ဒီစာအုပ်လေးကို ပိုပြီးသဘောကျတယ်…။
သာမန်ဇာတ်လမ်းဇာတ်ကွက်တွေကနေ သွေဖီပြီး လူသားနဲ့ စက်ယန္တရားရဲ့
အားပြိုင်မှုကို ဖော်ကျူးထားတာ အရမ်းကို သေသပ်လှပလွန်းတယ်…။
စကားလုံးတိုင်းမှာ အားပါနေပြီးတော့ စာဖတ်သူကိုပါ ရင်တမမနဲ့
ကိုယ်တိုင်ဝင်ခံစားရလောက်အောင် သရုပ်ပါလွန်းတယ်…။
အဲဒီစာအုပ်လေးကိုဖတ်ရင်းနဲ့ လူသားတစ်ယောက်ရဲ့ နွေးထွေးမှုနဲ့ သတ္တိကို
ထင်ထင်ရှားရှားမြင်လိုက်ရတယ်…။ zero ကတော့ ဒီဝတ္ထုထဲက ဇာတ်ကောင်ဂျူနိုရဲ့
စိတ်ဓါတ်ကို အရမ်းချစ်တယ်…။ ဇာတ်လမ်းဆုံးသွားတဲ့အချိန် ကိုယ့်ကိုယ်ကို မီးတောက်အဖြစ်
ထွန်းညှိရင်း လူသားတစ်ယောက်ရဲ့ အကောင်းဆုံးကကွက်နဲ့ စက်ရုပ်လိုင်ရာကို
အနိုင်ယူသွားတာကို ဖတ်ပြီး ရင်ထဲကနေ တစ်ခုခုကိုဆွဲထုတ်သွားသလိုမျိုး
ဟာပြီးကျန်ရစ်ခဲ့တာ ဘယ်လိုကြီးမှန်းကို မသိဘူး…။ အဲဒီအချိန်
အခြားဇာတ်ကောင်တွေနေရာကနေ ခံစားလိုက်ရတဲ့ ခံစားချက်၊ စာဖတ်သူနေရာကနေ
ခံစားလိုက်ရတဲ့ ခံစားချက်၊ ဘယ်လိုစကားလုံးတွေနဲ့ ပြောရမှန်းမသိအောင်ကို
နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရတယ်…။ နောက်ပြီး ဒီစာအုပ်လေးထဲက
စာသားတွေ အရမ်းသဘောကျတယ်.. တာရာမင်းဝေရဲ့ ထုံးစံအတိုင်း တွေးစရာလေးတွေကို
ချန်ပေးထားတယ်…။ ဂျူနိုကိုဆုံးမခဲ့တဲ့သူ့အမေရဲ့ စကားတွေ၊ ဟိုင်ပိုပြောတဲ့စကားတွေ၊
စသဖြင့်ပေါ့ လေးနက်တဲ့အတွေးတွေ ကျန်ရစ်ခဲ့တယ်…။ တကယ်လို့ မီးအိမ်ထွန်းပွဲတော်ညမှာ
ပရိတ်သတ်တစ်ယောက်အဖြစ် zero သာပါဝင်ခဲ့မယ်ဆိုရင် သေချာပေါက် ဂျူနိုကိုပဲ
အနိုင်ရစေချင်မှာပါ… အနုပညာကိုခံစားတတ်တဲ့ လူသားတစ်ယောက်အနေနဲ့ပေါ့…။
ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အထိ ခေါင်းထဲမှာ အတွေးတွေက ကျန်နေခဲ့တယ်…
“အစကတော့ သိပ္ပံပညာကို ‘၀ပ်တွားဖို့ လာတဲ့သူ’ လို့ထင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့မှ
‘ဖမ်းယူကိုက်စားဖို့လာတဲ့သူ’မှန်း သိခဲ့ကြရတယ်။ သိပ္ပံပညာဟာ တို့လူသားတွေအပေါ်
သေခါနီးလူတစ်ယောက်အပေါ် ကောင်းသလိုသာ ကောင်းနေတာပါ။
သေတော့မယ့်လူမှန်းသိလို့ အလိုလိုက်လျောပြီး ကောင်းသလိုမျိုး ကောင်းခဲ့တာပါ
ကောင်မလေးရေ…” ….. “သိပ္ပံပညာက တို့လူသားတွေကို ကျောက်ခဲတွေပေးခဲ့တယ်။
လူသားတွေကလည်း အဲဒီကျောက်ခဲတွေနဲ့ မြို့တည်လိုက်တယ်။ ဒါပေမယ့် ဘာမြို့လဲ …
ဘယ်လိုမြို့လဲဆိုတာကိုတော့ ဘယ်သူမှ မသိလိုက်ကြဘူး” …… အဲဒီစာသားတွေက
ခေါင်းထဲမှာ အတွေးတွေကို ထပ်ပြီးခေါ်လာတယ်..။ သိပ္ပံပညာနဲ့ ပတ်သတ်ပြီး
တောင်စဉ်ရေမရ လျှောက်စဉ်းစားကြည့်မိတယ်…။ ခုချိန်မှာရော သိပ္ပံပညာဆိုတာ
ဘယ်လိုဟာမျိုးလဲ… ကမ္ဘာ့အနောက်ခြမ်းမှာ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေ၊
တီထွင်ဖော်ထုတ်မှုတွေကို လက်မထောင်ပြီး ဂုဏ်ယူနေကြတယ်..။ သေချာစဉ်းစားကြည့်ပါ…
ရုပ်ဝတ္ထုပိုင်းအရ တိုးတက်လာတာ မှန်တယ်၊ ဖွံ့ဖြိုးလာတာမှန်တယ်၊ ဒါပေမယ့်
စိတ်ပိုင်းဆိုင်ရာကို ပြန်ကြည့်ပါ သေသေချာချာ စမ်းစစ်ကြည့်ပါ အမှန်တကယ်
ဖွံ့ဖြိုးတိုးတက်လာပါရဲ့လား..။ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလာတဲ့၊
အသိအမြင်တွေတိုးပွားလာတဲ့ ခေတ်ကြီးမှာ လူတွေရဲ့ အကျင့်စာရိတ္တတွေ
တိုးတက်ကောင်းမွန်လာပါသလား?… ဖြူစင်ရိုးသားမှုတွေ ပွားများလာပါသလား?…
ချစ်ခင်ကြင်နာမှု စာနာမှုတွေ ပိုများလာပါသလား?… မိတ်ဆွေ… ဒီမေးခွန်းကို
သင်ဘယ်လိုဖြေမလဲ..? သိပ္ပံပညာရှိတဲ့အတွက် အချိန်နဲ့တစ်ပြေးညီ တိုးတက်လာတာ၊
စက္ကန့်တိုင်း မိနစ်တိုင်းကို တန်ဖိုးရှိရှိအသုံးချနိုင်တာ လက်ခံပါတယ်…။ zero တို့ရဲ့
နေ့စဉ်ဘ၀မှာ သိပ္ပံပညာဟာမပါမဖြစ်ကို ပါနေပါတယ်… ဒါကိုတော့ အားလုံးလည်း
လက်ခံထားပြီးသားပါ…။ zero တို့ အသုံးပြုနေတဲ့ computer, internet, hand phone
တို့ဆိုတာလည်း သိပ္ပံပညာကြောင့်ပဲ ပေါ်ထွက်လာတာပါ…။ zero အတွက်ဆိုရင် computer
ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်… ဒီ computer
နဲ့ပဲစာသင်တယ်၊ ဒီ computer နဲ့ပဲစာလုပ်တယ်၊ ဒီ computer နဲ့ပဲအပန်းဖြေတယ်၊
ဒီ computer ကနေတစ်ဆင့် မတူညီတဲ့နေရာတွေက အဖော်အပေါင်းတွေနဲ့
ခင်မင်ခွင့်ရတယ်၊ တစ်နေ့တာရဲ့ သုံးပုံနှစ်ပုံအချိန်ဟာ computer ရှေ့မှာပဲ ကုန်ဆုံးတယ်…။
ဒါတွေက လူနေမှုဘ၀အဆင့်အတန်း မြင့်မားမှုဆိုတာ လက်ခံရမယ့် အမှန်တရားပါပဲ…။
ဒါပေမယ့် သေချာစဉ်းစားပါ သိပ္ပံပညာတို့ နည်းပညာတို့ဆိုတာ လူသားတွေရဲ့
တွေးတောကြံဆမှု တီထွင်ဖန်တီးမှုတွေကနေ ပေါက်ဖွားလာတာပါ…။ လူသားတွေကပဲ
မွေးထုတ်ပေးခဲ့ကြတာပါ..။ အဲလိုမွေးထုတ်ပေးခဲ့ပြီးမှ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်
ဆိုသလိုမျိုး လူသားတွေဖန်တီးတဲ့ နည်းပညာတွေနဲ့ လူသားတွေကိုပဲ ပြန်ထိခိုက်စေတာတော့
ဆိုးရွားလွန်းပါတယ်..။ တစ်ခုထက်တစ်ခု ပိုပြီးကောင်းအောင် တစ်နေ့ထက်တစ်နေ့
ပိုပြီးတိုးတက်အောင် တီထွင်ကြံဆရမယ့်အစား ဘာကြောင့်များ တစ်ယောက်ကိုတစ်ယောက်
တိုက်ခိုက်ဖို့၊ တစ်ဦးကို တစ်ဦးအနိုင်ယူဖို့ လူသတ်လက်နက်တွေကို ဖန်တီးနေကြရတာပါလဲ…။
ရှာဖွေတွေ့ရှိမှုအသစ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ပျော်ရွှင်တက်ကြွမှုတွေသာ
လူသားတွေရဲ့မျက်နှာပေါ်မှာ ရှိနေစေချင်ပါတယ်…။ ဒီလိုမဟုတ်ဘဲ
ရှာဖွေတွေ့ရှိမှုအသစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဟီရိုရှီးမားမြို့နဲ့ နာဂါဆကီမြို့ကြီးနှစ်မြို့
ပြာပုံဘ၀ကို ရောက်အောင်ဘာကြောင့်များ လုပ်ခဲ့ကြတာလဲ…။ အဲဒီလုပ်ရပ်ရဲ့
နောက်ဆက်တွဲ အကျိုးဆက်ဟာ ဒီနေ့ထက်တိုင် ခံစားနေရဆဲပါ…။ နည်းပညာတွေနဲ့
လူသားတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်ချင်ကြတယ်… ဒါပေမယ့် စိတ်ဓါတ်ကိုတော့
မြှင့်တင်ဖို့ သူတို့မေ့လျော့နေကြတယ်…။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ မြို့တစ်မြို့၊
နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်ကနေ ကွယ်ပျောက်သွားအောင် စွမ်းဆောင်ပေးမယ့်
နည်းပညာတွေ စက်ယန္တရားတွေကို တီထွင်ကြတယ်… ဒါပေမယ့် လူတွေရဲ့စိတ်တံခါးကို
ဖွင့်ကြည့်ဖို့တော့ သူတို့ခလုတ်တပ်ဆင်ဖို့ မေ့လျော့နေကြတယ်…။
နျူကလိယဓါတ်ပေါင်းဖိုတွေအတွက် ငွေကြေးမြောက်မြားစွာကို သူတို့အကုန်အကျခံ
တီထွင်စမ်းသပ်နေကြတယ်… ဒါပေမယ့် ဆာလောင်မွတ်သိပ်နေတဲ့
အောက်ခြေလူတန်းစားကိုတော့ သူတို့မမြင်နိုင်ဖြစ်နေကြတယ်…။
သိပ္ပံပညာရဲ့တွေ့ရှိချက်တွေကို စစ်မှန်တဲ့တရားလို့ သဘောပိုက်ပြီး မျက်စိစုံမှိတ်
ယုံကြည်နိုင်ကြတယ်… ဒါပေမယ့် ကိုးကွယ်ရာ ဘာသာတရားတွေ ပျောက်ရှလာတာ
သတိမမူမိကြဘူး…။ ခုချိန်မှာဆိုရင် နည်းပညာဟာ အရမ်းကို တိုးတက်လာပါတယ်…
ဆရာတစ်ယောက်က ပြောဖူးတယ်… နည်းပညာတိုးတက်လာတာ လူသားတွေတုံးဖို့ပဲ တဲ့…
ဒါအမှန်ပါပဲ နည်းပညာတွေ တိုးတက်လာလေလေ လူသားတွေရဲ့ နည်းပညာအပေါ် မှီခိုမှုက
များလာလေလေ ကိုယ်ပိုင်အရည်အချင်းတွေ ကျဆင်းလေလေပါပဲ…။
တိုးတက်ချင်တဲ့သူကတော့ ကြိုးစားမှာပါ… ဒါကြောင့်လည်း အသစ်အသစ်တွေ
ထွက်ပေါ်လာတာပေါ့လေ…။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် ဘယ်သူမဆို
အနည်းနဲ့အများတော့ နည်းပညာအပေါ် မှီခိုမှုတွေ ရှိနေကြတာပါပဲ…။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ပိုသိသာမယ်ထင်ပါတယ်…။ ဘာပဲဖြစ်ဖြစ်ပါ
ကိုယ့်အရည်အချင်းကတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်… တိုးတက်ချင်စိတ်ရှိတဲ့သူ
ကိုယ့်ကိုကိုယ်တန်ဖိုးထားတဲ့သူကတော့ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေမှာပါပဲ…။
zero ကတော့ သိပ္ပံနည်းပညာဆိုတာကို လူနေမှုအဆင့်အတန်း တိုးတက်မှုအတွက်
လိုလိုလားလားလက်ခံပါတယ်…။ လူသားအချင်းချင်း ဒုက္ခပေးဖို့အတွက်တော့ ဘယ်လိုမှ
မနှစ်မြို့နိုင်ပါဘူး…။ ဒါပေမယ့်လည်း လောကကြီးကတော့ ကောင်းကျိုးရော ဆိုးကျိုးရော
အတူတူယှဉ်တွဲ ပေးထားတာပါပဲ…။ လူဆိုတာလည်း လူကောင်းတွေချည်းပဲ ရှိနေတာမှ
မဟုတ်တာပဲလေ… programming language ကို ကျွမ်းကျင်တတ်မြောက်သူချင်း အတူတူ
အများအကျိုးရှိမယ့် အကျိုးပြု software program တွေကို ရေးသူရှိသလို သူများကို
ဒုက္ခပေးဖို့ virus program တွေ hacking program တွေ ရေးတဲ့သူလည်း ရှိနေသလိုပဲပေါ့…။
တကယ်လို့များ လူသားအားလုံးသာ ကိုယ်ကျွမ်းကျင်ရာ နည်းပညာတွေကို
အများအကျိုးအတွက် အသုံးချတတ်ခဲ့မယ်ဆိုရင် လောကကြီးက အဆပေါင်းများစွာ
သာယာလှပ တိုးတက်လာမှာပါ…။
မှတ်ချက် ။ ။ အထက်ပါ အတွေးအခေါ်တွေ အားလုံးဟာ zero တစ်ယောက်တည်းရဲ့
အတွေးအမြင်တွေ ဖြစ်တဲ့အတွက် ဘယ်သူမဆို လွတ်လပ်စွာ
သဘောထားကွဲလွဲနိုင်ပါတယ်…။ နောက်ပြီး ဒီလိုစာမျိုးရေးတာ ဒါပထမဆုံးအကြိမ်
ဖြစ်တဲ့အတွက် လမ်းကြောင်းက ဟိုရောက်လိုက်ဒီရောက်လိုက် ဖြစ်သွားတာမျိုး
အရေးအသား မချောမွေ့တာမျိုး ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်…။